ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ လူထုဆန္ဒထုတ်ဖော်ပြသခြင်း

ပူတာအို ၊ အောက်တိုဘာ (၇)

ကေအိုင်အေဦးဆောင်သော လက်နက်ကိုင်သူများသည် တည်ငြိမ်အေးချမ်းလျက်ရှိသော ပူတာအိုဒေသကို ရရှိရေးအတွက် လမ်းကြောင်းအသီးသီးမှ စစ်ရေးဖြင့်ဝင်ရောက်သိမ်းပိုက်ရန် နှစ်စဥ်ကြိုးပမ်းလျက်ရှိနေပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ချီဖွေဆော့လော် နှင့် ပန်ဝါဒေသများကို စိုးမိုးထားနိုင်ခဲ့ပြီး ထိုမှတဆင့် ခေါင်လန်ဖူးမြို်နယ်အတွင်းသို့ ဝင်ရောက်ရန်ကြိုးစားလာသည်မှာ တစ်နှစ်ခန့်ရှိ ပြီဖြစ်ပါသည်။ ရွှေသတ္တုထွက်ရှိသော လန်ဆယ်ဒေသကို ခြေကုပ်ယူပြီး နယ်စပ်လမ်းများမှတဆင့် လူအင်အား၊ လက်နက်နှင့်ရိက္ခာများ၊ ဆေးဝါးများ အလွယ်တကူ ရယူနိုင်သည့် အားသာချက်ကိုအခွင့်ကောင်းယူကာ လန်ဆယ်ဒေသမှ ဆော့လော်ခေါင်လန်ဖူး နယ်စပ်ဖြစ်သည့် လာဟီဆင် တောင်အထိ ရောက်ရှိနေရာယူပြီးဖြစ်သည်။ ထိုမှတဆင့်အင်အားအလုံးအရင်းဖြင့် ခေါင်လန်ဖူးမြို့နယ်သို့ ထိုးစစ်ဆင်လာသဖြင့် တပ်မတော်နှင့် ဌာနယ်ပြည်သူ့စစ်တပ်ဖွဲ့များက ထိုတောင်ပေါ်တွင် ခုခံဟန့်တားထားသည့် အချိန်ဖြစ်သည်။

ပူတာအိုဒေသသို့ ကေအိုင်အေဝင်ရောက်လာပါက နေရာအနှံတွင် တိုက်ပွဲများဖြသ်ပွားပြီး လူထုသေကြေ၊ မြို့၊ ရွာများ ပျက်စီးကာ မူလကတည်းက ခေတ်နောက်ကျကျန်ရစ်သော ဒေသများမှာ သုံညဘဝမှ ပြန်လည်ထူထောင် ရမည်ကိုကြိုတင်သိရှိသော သေဒခံများမှာ ဒေသတည်ငြိမ်အေးချမ်းမှု တည်တံရေးကို ရှေးရှုပြီး လက်နက်ကိုင် ကျူးကျော်သည့်ကေအိုင်အေ နှင့် အပေါင်းအပါများအား လက်မခံကြောင်းနှင့် ဆန့်ကျင်ကြောင်း၊ ဒေသအားကာကွယ်ပေးသည့် တပ်မတော်နှင့် ဌာနေပြည်သူ့စစ်များ၏ ရွံ့ရွံ့ချွန်ချွန် ခုခံကာကွယ်မှုများကိုသာ ထောက်ခံအားပေးကြောင်းပြသသည့် အနေဖြင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အစီအစဥ်အား ယနေ့အောက်တိုဘာ (၇) ရက်နေ့တွင် ပူတာအိုမြို့၌ ကျင်းပပြုလုပ်သည်။

အဆိုပါငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ လူထုဆန္ဒထုတ်ဖော်ပြသခြင်းသို့ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်များမှ ဒေသခံပြည်သူ ( ၁၀၀၀ ) ကျော်ခန့် လာရောက်ပါဝင်ပြီး ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အဆိုင် (၃) ယောက်တစ်တန်း စီတန်းကာ လေယာဥ်ကွင်းစျေးသို့လည်းကောင်း ထိုမှတဆင့် လေယာဥ်ကွင်းလမ်းဆုံကိုဖြတ်ကာ ဒုတ္တန်ရပ်ကွက်ဘက်သို့ ကတ္တရာလမ်းမကြီးအတိုင်းလည်းကောင်း စီတန်းလှည့်လည်ကာ ခါကာဘိုကားဂိတ်ရှေ့အရောက်တွင် ငြိမ်းချမ်းစွာလူစုခွဲကြသည်။

လူထုချီတက်ရာ၌ နိုင်ငံတော်အလံ၏ ဦးဆောင်မှုနောက်တွင် ခေါင်လန်ဖူးနှင့် ဆော့လော်မြို့နယ်များတွင် တပ်မတော်နှင့်ပြည်သူ့စစ်တပ်ဖွဲ့တို့မှ ဆင်နွဲလျက်ရှိသော စစ်ဆင်ရေးများအား အားပေးထောက်ခံသည့် လူထုဆန္ဒ ထုတ်ဖော်စီတန်း လှည့်လည်ခြင်း ဟူသော နဖူးစည်းစာတမ်းပါ ဆိုင်းဘုတ်အား ကိုင်ဆောင်၍လည်းကောင်း၊ သမိုင်းဝင်ဘိုးဘွားပိုင်နယ်မြေများအား တန်ဖိုးထားကြပါ၊ နယ်မြေကျူးကျော်သူမှန်သမျှအား ဆန့်ကျင်ကြပါ။ လူထုစည်းလုံးညီညွတ်မှုကို ပြသကြပါ နှင့် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဥ်များ အောင်မြေရေးအတွက် လူထုတစ်ရပ်လုံး ပူးပေါင်းကြပါ’ စသောစာသားများပါသည့် လက်ကိုင်ပိုစတာများ ကိုင်ဆောင်၍လည်းကောင်း ချီတက်ကြသည်။ တချိန်တည်းတွင် ‘ဘိုးဘွားပိုင်နယ်မြေများတည်တန့်ရေး (ဒို့အရေး)၂၊ တိုင်းရင်းသားစစည်းလုံးညီညွတ်ရေး(ဒို့အရေး) ၂ ၊ လန်ဆယ်ဒေသပြန်လည်ရရှိရေး (ဒို့အရေး) လန်ဆယ်ဒေသ စစ်ဆင်ရေးများ ( အောင်ပါစေ)၂ လန်ဆယ်ဒေသသို့ ကျူးကျော်ဝင်ရောက်လာသော ကေအိုင်အေနှင့် အပေါင်းအပါများအား ( ဆန့်ကျင်ကြ)2 စစ်မျက်နှာ အသီးသီးမှ မျိုးချစ်စစ်သည်များ (ကျန်းမာပါစေ)၂ နှင့် တရားသော စစ်ပွဲများ (အောင်ရမည်)၂ ဟူသော ကြွေးကြော်သံများအား တခဲနက်သံပြိုင် ကြွေးကြော်ကြသည်။

ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း အစီအစဥ်၌ ဌာနေပြည်သူ့စစ်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်မှ လုံခြုံရေး အစီအစဥ်များဆောင်ရွက်ပြီးလမ်းကြောင်းတစ်လျောက်လိုက်ပါ စောင့်ကြပ်ပေးသည်။ ဒေသတွင်းစေတနာရှင်အလှူရှင်များ၏ အစီအစဥ်ဖြင့် ရပ်ကွက်ကျေးရွာ အသီးသီးမှ လူထုများအား ကြိုပို့ပေးခြင်း ဆော်သြရေး စီစဥ်ပေးခြင်းတို့ ဆောင်ရွက်ပေးသည်။

ယနေ့ပူတာအိုတွင် ပြုလုပ်သည့်ဘငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဖြင့် လူထုဆန္ဒထုတ်ဖော်ခြင်းအား သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အလားတူ အစီအစဥ်တစ်ရပ်အား ခေါင်လန်ဖူးမြို့တွင်

အောက်တိုဘာ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။