မင်္ဂလာပွဲတွင် ဖျော်ဖြေရန်အတွက်ဟုဆိုကာ ကျားဖျန့်ဂိုဏ်းသို့ လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲနှိပ်စက်ခံရကာ ကျပ်သိန်း သုံးထောင်ကျော်ပေးခဲ့ရဟု အဆိုတော်ရှင်မင်းမြတ် ပြောကြား

ပူတာအို၊ ဇန်နဝါရီ ၁၇

မင်္ဂလာပွဲတွင် ဖျော်ဖြေရန်အတွက်ဟုဆိုကာ ကျားဖျန့်ဂိုဏ်းသို့ လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲနှိပ်စက်ခံရကာ ကျပ်သိန်း သုံးထောင်ကျော်ပေးခဲ့ရဟု အဆိုတော်ရှင်မင်းမြတ်က သူ၏လူမှုကွန်ရက်မှတစ်ဆင့် ရေးသားထားဖော်ပြထားပါတယ်။

နှိပ်စက်ခံရသဖြင့် ရရှိထားသည့် ဒဏ်ရာများနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားထားသည့် စာတစ်စောင်ကို  အဆိုတော်ရှင်မင်းမြတ်က လူမှုကွန်ရက်တွင်ဖော်ပြထားပါတယ်။

အဆိုတော်ရှင်မင်းမြတ်မှာ မူဆယ်မြို့သို့ မဂ်လာဆောင် ကိစ္စဖြင့် ဖိတ်ကြားခံရပြီး ဇန်နဝါရီ ၄ ရက်က မန္တလေးမြို့သို့ မိတ်ဆွေတစ်ဦးနှင့်အတူ သွားရောက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၅ ရက်တွင် မူဆယ်မြို့သို့ သွားရောက်ရန် ကားဖြင့်ခေါ်ဆောင်လာခဲ့ကြောင်း၊ မူဆယ်မြို့သို့ ရောက်ရှိချိန် ဇန်နဝါရီ ၆ ရက်တွင် ပွဲကျင်းပမည့်နေရာသို့ ကြည့်ရှုပြင်ဆင်ရန် သွားလိုကြောင်း ပြောရာ လူ လေးဦးက လာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ လူလေးဦးအနက် တစ်ဦးမှာ ပြည်သူ့စစ်၊ ကျန်နှစ်ဦးမှာ ယူနန်- မြန်မာစကားပြောနိုင်သူ၊ ကျန်တစ်ဦးမှာ ကိုးကန့်လူမျိုးဖြစ်သည်ဟု အဆိုတော်ရှင်မင်းမြတ်က ရဲတပ်ဖွဲ့သို့ တိုင်ကြားစာတွင် ရေးသားထားပါတယ်။

၎င်းတို့ကို ကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ပြီး လူမရှိသော နေရာသို့အရောက်တွင် ဆီးသွားမည်ဟု အကြောင်းပြကာ ကားပေါ်မှဆင်းပြီး ဦးခေါင်းကို အမည်းရောင်အိတ်ဖြင့် စွပ်ကာ လက်ကိုချည်နှောင်ပြီး ကျားဖျန့်လိမ်လည်မှုများ ပြုလုပ်နေသည့်ဂိုဏ်းတစ် ခုသို့ ခေါ်ဆောင်သွားခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြထားပါတယ်။

ယင်းနေရာသို့ ရောက်ရှိချိန်တွင် ယခင်က လောက်ကိုင်တွင် ဖြစ်ပွားခဲ့သည့် မှုခင်းကို အကြောင်းပြုပြီး ကျပ်သိန်း ၇၀၀၀ တောင်းဆိုကာ နောက်ပိုင်းတွင် ကျပ်သိန်း ၆၀၀၀ သို့ လျော့ချကာ ဇန်နဝါရီ ၆ ရက်တွင် ငွေအပြည့်ရရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ငွေအပြည့်မစုဆောင်းနိုင်သဖြင့် ၎င်းနှင့် ၎င်း၏ မိတ်ဆွေကို သေနတ်ပြခြိမ်းခြောက်ကာ နှိပ်စက်ခဲ့ကြောင်း၊ Wechat ကို ဖွင့်စေကာ မိတ်ဆွေတစ်သောင်းကျော်ထံမှ ငွေချေးရန် အတင်းအကြပ် ခိုင်းစေခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြထားပါတယ်။

အစပိုင်းတွင် ကျပ်သိန်း ၅၀၀ ချေးယူနိုင်ခဲ့ပြီး ၎င်းတို့က မကျေနပ်ပဲ ဆက်လက်နှိပ်စက်ခဲ့ကြောင်း၊ လက်ခံငွေများကို ရှင်မင်းမြတ်၏ Kpay အကောင့်နှင့် ဘဏ်အကောင့်များဖြင့် လက်ခံစေကာ ရရှိသည်နှင့် ချက်ချင်း အခြားအကောင့်များသို့ လွှဲပြောင်းစေခဲ့ သည်ဟု ရှင်မင်းမြတ်၏ တိုင်ကြားစာတွင် ဖော်ပြထားပါတယ်။

ကျပ်သိန်း ခြောက်ထောင်ကျော်မရှာနိုင်ဟု ပြန်ပေးဆွဲသူများက မြင်လာသဖြင့် နောက်ဆုံးတွင် ကျပ်သိန်း ၃၀၀၀ ပေးပါက လွှတ်ပေးမည်၊ မပေးနိုင်ပါက သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ မိသားစုနှင့် မိတ်ဆွေများ၏ ကူညီမှုကြောင့် ကျပ်သိန်း သုံးထောင်ကျော် ပေးအပ်ရပြီး ဇန်နဝါရီ ၉ ရက် နံနက် ၅ နာရီခွဲတွင် မူဆယ်မြို့ လူမရှိသည့်လမ်းကြားတွင် ပစ်ချထားခဲ့ကြောင်း၊ မှတ်ပုံတင်နှင့် ကျပ် ၁၀ သိန်းကိုသာ ပြန်ပေးခဲ့သည်ဟု ရှင်မင်းမြတ်၏ တိုင်ကြား စာတွင် ရေးသားထားပါတယ်။

မလွတ်မြောက်မီညက ၎င်းတို့ကို အတွင်းခံပင် မဝတ်စေဘဲ ဗီဒီယိုရိုက်ကူးကာ ကျပ်သိန်း ၃၀၀၀ ကို  ၎င်းတို့ထံမှ ချေးယူထားသည်ဆိုသည့်စကားကို ထည့်သွင်းပြောကြားစေခဲ့ကြောင်း၊ အပြင်သို့ ရောက်ရှိ ချိန်တွင် အမှန်အတိုင်းပြောကြားခြင်း၊ ရဲတပ်ဖွဲ့ထံ တိုင်ကြားခြင်းများရှိပါက ဗီဒီယိုများကို အွန်လိုင်းတွင် ဖြန့်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း တိုင်ကြားစာ တွင် ရေးသားထားပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက် မန္တလေးဆေးရုံ ကြီးတွင် ဆေးစစ်မှုများ ခံယူကာ ဖြစ်စဉ် အား ဆေးရုံရှိ မှုခင်းရဲတပ်ဖွဲ့အား တိုင်ကြားထားကြောင်း၊ အမှုအား စုံစမ်းစစ်ဆေးပေးပါရန်နှင့် တရားဥပဒေအရ အရေးယူပေးပါရန် လေးနက်စွာ တောင်းဆိုအပ်ပါသည်ဟု အဆိုတော် ရှင်မင်းမြတ်က ရဲတပ်ဖွဲ့ထံ တိုင်ကြားစာတွင် ဖော်ပြထားပါတယ်။

RSMPutao