ပူတာအိုခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်တချို့မှ ပြည်သူများထံ အခကြေးငွေနှင့် ပစ္စည်းများ မတရားတောင်းယူနေကြောင်း ဒေသခံများ စွပ်စွဲ

RSM Putao | အောက်တိုဘာလ

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း အောက်တိုဘာလမှ စတင်ကာ ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်တချို့သည် လမ်းသွားလမ်းလာ ပြည်သူများထံမှ အခကြေးငွေ၊ မိုဘိုင်းဖုန်းနှင့် ကုန်ပစ္စည်းများကို အကြောင်းမဲ့ တောင်းယူနေကြောင်း ဒေသခံများက RSM Putao သို့ ပြောကြားလာသည်။

ဒေသခံများ၏ ပြောကြားချက်အရ ယင်းကဲ့သို့ လုပ်ရပ်များသည် ပူတာအိုလေဆိပ်အနီး၊ ဌာနယ်ပြည်သူ့စစ်ဂိတ် မရောက်ခင် လမ်းပိုင်းများ၊ ထဝါဒမ်းကျေးရွာ၊ မလိခမြစ်နဘေးရှိ ရဲစခန်းကုန်းအနီးနှင့် အလန်ဂါးကျေးရွာအတွင်းတို့တွင် အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ နေရာများတွင် လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်ကာ ဒေသခံ လမ်းသွားလမ်းလာများအပြင် ခေါင်လန်ဖူး၊ နောင်မွန်၊ ပန်နမ်းဒင် စသည့် မြို့နယ်များမှ ပူတာအိုဘက်သို့ ခရီးသွားလာသည့် ပြည်သူများထံမှပါ ငွေကြေးတောင်းယူနေကြောင်း၊ ငွေမပေးနိုင်ပါက မိုဘိုင်းဖုန်းများကိုပါ သိမ်းဆည်းတောင်းယူသည့် ဖြစ်စဉ်များ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ထင်းတင်လာသည့် သုံးဘီးဆိုင်ကယ်များထံမှလည်း ငွေကြေးတောင်းယူပြီး မရရှိပါက ထင်းများကို ယူဆောင်သွားကြောင်း၊ ကားအကြီးများဖြင့် ကုန်ပစ္စည်းတင်ဆောင်လာသူများထံတွင်မူ ထိုသို့ မတောင်းယူဘဲ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသည့် သုံးဘီးဆိုင်ကယ်များကိုသာ အဓိက ပစ်မှတ်ထား လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ကားအကြီးနဲ့တင်လာရင် မလိုပါဘူး။ တစ်ပိုင်တစ်နိုင် သုံးဘီးဆိုင်ကယ်လေးတွေကိုပဲ လိုက်တောင်းတာက မတရားပါဘူး။ နေ့စားဝင်ငွေကိုတောင် မကျန်တော့ပါဘူး” ဟု ဒေသခံတစ်ဦးက အမည်မဖော်ဘဲ ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်လာနေသည့်အပြင် လမ်းခရီးသွားလာရာတွင်ပါ ကြောက်ရွံ့စိုးရိမ်မှုများ တိုးပွားလာနေကြောင်း သိရသည်။

ထို့အပြင် ယခင်အပတ်အတွင်း ခေါင်လန်ဖူးဒေသသည် မြန်မာ–တရုတ် နယ်စပ်ဒေသဖြစ်သဖြင့် ဒေသခံများအနေဖြင့် တရုတ်ယွမ်ငွေကို အနည်းအများ ကိုင်ဆောင်လေ့ရှိကြောင်း၊ ပူတာအိုမြို့တွင် ပညာသင်ယူနေသည့် ကျောင်းသူကျောင်းသားများအတွက် တောင်ပေါ်ဒေသရှိ မိဘများက အဆောင်ကြေးအဖြစ် ယွမ်ငွေ ၅၀၀ မှ ၆၀၀ ဝန်းကျင် ပို့ပေးခဲ့ရာ အလန်ဂါးကျေးရွာအနီးတွင် ရဲတပ်ဖွဲ့ဝင်တချို့က ယင်းငွေများကို တောင်းယူသွားကြောင်းလည်း ဒေသခံများက ပြောကြားသည်။

ဒေသခံများက အဆိုပါ လုပ်ရပ်များသည် ဥပဒေအရ ခွင့်ပြုထားသော တာဝန်ထမ်းဆောင်မှု အကျိုးအာနိသင်ကို ကျော်လွန်၍ အာဏာကို မတရားအသုံးချခြင်း ဖြစ်နိုင်ကြောင်း စိုးရိမ်ကြပြီး၊ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အရေးယူစုံစမ်းပေးရန် တောင်းဆိုနေကြောင်း သိရသည်။

ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ RSM Putao အနေဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများထံမှ တရားဝင်ရှင်းလင်းပြောကြားချက်ကို ရယူနိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး၊ လက်ရှိအချိန်အထိ တုံ့ပြန်ချက် မရရှိသေးကြောင်း သိရသည်။

Illustration Image (AI Generated) | RSM Putao