မြစ်ကြီးနားမြို့ပေါ်တွင် ဆက်ကြေးလိုက်လံ ကောက်ခံနေသည့် KIO/KIA အရာရှိ နှစ်ဦးအား နယ်မြေခံအဖွဲ့က ပစ်ခတ်ဖမ်းဆီး

မြစ်ကြီးနားမြို့ပေါ်တွင် ဆက်ကြေးလိုက်လံကောက်ခံနေသည့် KIO/KIA အရာရှိ နှစ်ဦးအား နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့က ယမန်နေ့ ညနေ ၂ နာရီအချိန်ခန့်တွင် တပ်ကုန်းရပ်ကွက် စံပြလမ်းတွင် ပစ်ခတ်ဖမ်းဆီးသွားကြောင်း စံပြလမ်းနေသူ ပြည်သူများက ဆိုသည်။

ဆက်ကြေးပေးဆောင်ရန် ချိန်းဆိုသည့် စံပြလမ်း ဘုရားကျောင်းရှေ့တွင် KIO/KIA အရာရှိ နှစ်ဦးမှ ဆိုင်ကယ်ဖြင့် မောင်းနှင်လာရာတွင် နယ်မြေလုံခြုံရေးအဖွဲ့က တားဆီးစစ်ဆေးရာ ပြန်လည် ခုခံမှု ဖြစ်ပွားခဲ့၍ ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။

“အရပ်ဝတ်နဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့နဲ့ တိုးတာနဲ့ တူတယ်။ မြို့ပေါ် ရပ်ကွက်တွေမှာ လစဉ်ကြေးတို့၊ နှစ်စဉ်ကြေးတို့ဆိုပြီး ဆက်ကြေးလိုက်ကောက်နေတဲ့ KIO/KIA အရာရှိနှစ်ယောက် မနေ့က စံပြလမ်း ဘုရားကျောင်းရှေ့မှာ ပြန်ခုခံလို့ သေနတ်ပစ်ဖောက် ဖမ်းဆီးသွားတယ်။ နှစ်‌ယောက်စလုံး ဖမ်းမိတယ်”ဟု အမည်မဖော်လိုသူ တပ်ကုန်း စံပြရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ပေါ် ရှိ ပြည်သူများထံ ဆက်ကြေးကောက်ခံနေသည့် KIO/KIA အရာရှိ နှစ်ဦးက တပ်ကုန်းရပ်ကွက် စံပြလမ်းသို့ နှစ်စဉ်ကြေး၊ လစဉ်ကြေးများ လာရောက်ပေးဆောင်ရန် မြို့ခံပြည်သူများကို ချိန်းဆိုရာတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့နှင့် တွေ့ဆုံခဲ့ရာ ပြန်လည်ခုခံခဲ့၍ ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း အထက်ပါ ပြည်သူတစ်ဦးက ထည့်သွင်းပြောဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် KIO/KIA လက်နက်ကိုင်အဖွဲ့က တပိုင်တနိုင် လုပ်ငန်းရှင်များမှစ၍ စီးပွားရေးလုပ်ငန်းရှင်ကြီးများအထိကို လစဉ်ကြေး၊ နှစ်စဉ်ကြေး ပေးဆောင်ရန် မလိယန်တိုက်နယ်၊ နန်းကွေ့တိုက်နယ်၊ နောင်ချိန်းတိုက်နယ်များက နှစ်စဉ် လာရောက်ကောက်ခံခြင်းများ ပြုလုပ်နေကြောင်း မြို့ခံများပြောကြားချက်အရ သိရသည်။

Crd: EPN