မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်တစ်ခုလုံးအား လူညွှန့်တုန်းစေသည့် ကမ္ဘာ့အန္တာရာယ်တစ်ရပ်ဖြစ်သဖြင့် နိုင်ငံတိုင်းသည် အမျိုးသားရေးအဆင့်ထားကာ ကာကွယ်တားဆီးသည့် လုပ်ငန်းဖြစ်ပါသည်။
ယခုအခါ ဒေသအသီးသီးတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု သုံးစွဲမှုတို့သည် နေ့စဉ်တိုးပွားလျက်ရှိရာ သုံးစွဲသူဘ၀ဆုံးရှုံးသည်သာမက ၄င်းတို့၏မိသားစု၊ ၄င်းပါ၀င်သည့် လူမျိုးနှင့် ဘာသာသာသနာတို့၏ အနာဂတ်အတွက် အလွန်စိုးရိမ်ရသောအခြေအနေများ ဖြစ်ပေါ်လျက်ရှိပါသည်။
ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်အဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များတွင် မူးယစ်အန္တာရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းသည်လည်း လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါ၀င်လျက်ရှိကာ ယခုနှစ်မှစပြီး မူးယစ်ဆေးစွဲလူနာများအား ပြုစုကုသခြင်းနှင့် ၄င်းတို့၏ဘ၀ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ထိရောက်အောင်မြင်စေရန် ဒေသအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ မူးယစ်ဆေးသုံးစွဲသူ ပြန်လည်ထူထောင်ရေးသင်တန်းကျောင်းများနှင့် တွေ့ဆုံညှိနှိုင်းကာ အစီအစဉ်များချမှတ်လျက်ရှိကြောင်း သိရှိရပါသည်။
ကနဉီးအစီအစဉ်အဖြစ် ပူတာအိုနှင့် မချမ်းဘော့မြို့နယ်များအတွင်းမှ မူးယစ်ဆေးစွဲရ၀မ်အမျိုးသားများအား စုစည်းကာ ယခုနှစ်သြဂုတ်လ(၁)ရက်နေ့မှ အောက်တိုဘာလ (၃၁)ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးအစီအစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုအခါ ပူတာအိုမြို့၊ လေယာဉ်ကွင်းရပ်ကွက်ရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့၀င်းအတွင်း မူးယစ်ဆေးစွဲလူနာစာရင်းပြုစုခြင်း၊ လိုအပ်သည့် လူနာဆောင်များဆောက်လုပ်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။


